Manora Thai Cuisine & Bistro

 Shopping Center တစ်ခုရောက်ရင် တစ်နေ့လုံးတစ်ဆိုင်ချင်းပတ်ပြီး ဗိုက်ဆာမှ သတိဝင်လာပြီး ဘယ်ဆိုင်စားရမှန်းမသိတဲ့သူတွေရှိလား ဒါမှမဟုတ် ကိုယ့်ကောင်မလေးက စျေးဝယ်ထွက်နေတဲ့အချိန် တစ်ယောက်တည်းငေါင်ငေါင်ကြီးဖြစ်နေလို့ ဘယ်သွားရမှန်းမသိတဲ့သူကောင်လေးတွေရော ရှိလား ?

ဒါဆိုရင်တော့ ဖက်ရှင်၊ အလှကုန်၊ အစားအသောက်တွေစုံလင်လှတဲ့ Junction City မှာ စျေးဝယ်ထွက်ရင်း ထိုင်းအစားအသောက်ကောင်းကောင်းတွေရတဲ့ Manora Thai Cuisine & Bistro ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ယိုးဒယားစာဆို တကယ်အရသာရှိပြီး စားကောင်းတဲ့ဆိုင်ရှားပါတယ်။

ဒီဆိုင်လေးကတော့ စျေးနှုန်းသင့်တင့်ပြီး ထိုင်းစာကိုဂျီးများတဲ့ကျွန်မတောင် ခံတွင်းတွေ့ပါတယ်။

ဆိုင်မှာစစချင်းဝင်နေရာယူတော့မယ်ဆို အတွင်းအဲကွန်းခန်းထဲလည်း အေးဆေးစားလို့ရသလို အပြင် View ကောင်းကောင်းကြည့်ချင်တယ်ဆိုလည်း Holy Trinity Anglican Cathedral Church ကျောင်းတော် ရဲ့အလှကိုခံစားပြီး ထိုင်စားလို့လည်းရပါတယ်။ အပြင်မှာထိုင်တဲ့သူအများစုက ဆေးလိပ်သောက်တတ်တဲ့သူတွေရှိလို့ အနံ့မခံနိုင်ဘူးဆိုရင် မထိုင်သင့်ပါ။

အစားအသောက်မမှာခင်စျေးနှုန်းကြည့်ချင်တဲ့သူတွေအတွက်လည်း Menu စာအုပ်ကို အဝင်ဝမှာထားပေးထားပါတယ်။ 1 pax ကို အနည်းဆုံး (၆၀၀၀)ကျပ်ကနေ (၂၀၀၀၀)ကျပ်ဝန်းကျင်အထိဘဲရှိလို့ စျေးတော်တယ်လို့ သတ်မှတ်လို့ရပါတယ်။

ကျွန်မတို့သွားစားတုန်းက ဝက်သားကင်၊ ကောက်ညှင်း၊ သဘောင်္သီးထောင်း Set ရယ်၊ Pasta ရယ်၊ BBQ Set ရယ်ဘဲဖြစ်ပါတယ်။

အချဉ်ရည်ကအစအရသာရှိပြီး အကင်အနေအထားကလတ်ဆက်လှပါတယ်။ များသောအားဖြင့် သဘောင်္သီးထောင်းဆို အရသာပြင်းပြီး မြန်မာအရသာဘက်သွားပေမယ့် ဒီဆိုင်မှာတော့ ယိုးဒယားမှာ စားခဲ့တုန်းကအရသာအတိုင်း ချို၊ ချဉ်၊ စပ် အရသာ အစပ်အဟပ်တည့်ပါတယ်။

ထိုင်းဆိုင်မို့ Pasta အရသာမကောင်းဘူး ထင်ရပေမဲ့ Chesse အရသာနဲ့တော်တော်လေးစားကောင်းပြန်ရော။

ယိုးဒယားအစားအစာနဲ့ ဘာဖျော်ရည်နဲ့တွဲသောက်ရမယ်မှန်းမသိရင် Jasmine Green Tea ကို အိုးလိုက်မှာပါ။ စျေးလည်းသက်သာပြီး အစာကြေရင်ချောင်စေပါတယ်။

ထိုင်းစာ Crazy တွေ သွားစားသင့်တဲ့ဆိုင်ပါ။

လိပ်စာကတော့ Junction City ငါးလွှာမှာ နေ့စဉ် နံနက် (၉းဝ၀)ကနေ ညနေ (၆းဝ၀)အထိဖွင့်လှစ်ထားပါတယ်။

Promotion အစီအစဉ်တွေလည်း ရှိတတ်လို့ Facebook Page ဖြစ်တဲ့ Manora Thai Cuisine & Bistro မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။

Leave a comment

Design a site like this with WordPress.com
Get started