မင်္ဂလာပါ။ Snow Life and Diary Blog ရဲ့ပထမဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာတော့ Old Eain ကော်ဖီဆိုင်လေးဘဲဖြစ်ပါတယ်။ ဒီဆိုင်လေးကို(၂၀၁၉) လောက်မှာစတင်ဖွင့်လှစ်ခဲ့ပြီးကိုဗစ်ကြောင့် ခေတ္တရပ်နားကာ(၂၀၂၁) နှစ်ကုန်ပိုင်းလောက်မှ ပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ဆိုင်အနေအထားဟာ သီးသန့်တိတ်ဆိတ်အေးချမ်းစွာ ကော်ဖီ သုံးဆောင်လိုသူတွေအတွက် ပိုပြီးသင့်လျော်ပါတယ်။ ဆိုင်ထဲကို ဝင်လာပြီဆိုကတည်းက စသတိထားမိတာကတော့ သူ့ရဲ့အပြင်အဆင်ဘဲဖြစ်ပါတယ်။ ခေတ်ဟောင်းအငွေ့အသက်တွေကို ဆန်းသစ်တဲ့ပြင်ဆင်ပုံနဲ့ ဖွဲ့စည်းထားပါတယ်။


ကော်ဖီဆိုင်ရဲ့ အဓိကဖြစ်တဲ့ အရသာဘက်ပိုင်းကိုကြည့်ရင် ကော်ဖီဆိုင်တစ်ခုမှာ မရှိမဖြစ်ဖြစ်တဲ့ Cappuccino၊ Latte၊ Black၊ Americano အစရှိသည်တို့ ရပါတယ်။ ဆိုင်ဝန်ထမ်းပြောပုံအရ ယခုမှ ပြန်ဖွင့်တာမို့ ကော်ဖီဘဲရဦးမှာဖြစ်ပေမယ့် မကြာခင်မှာ Menu အစုံနဲ့ ပြန်လည် တင်တော့မှာ ဖြစ်ကြောင်းလည်း သိခဲ့ရပါသေးတယ်။
ကော်ဖီအပြင် ဒေသထွက်ကုန် တော်ဖီ၊ သရက်ယို၊ နှပ်ကော်ဖီအရသာမျိုးစုံ၊ အမှတ်တရ ကော်ဖီခွက် လက်ဆောင် တို့ကိုလည်း ဝယ်ယူနိုင်ပါတယ်။






ကျွန်မတို့သွားတဲ့နေ့တုန်းက မှာသောက်ခဲ့တာကတော့ Black နဲ့ Ice Coffeeပါ။ ဒေသထွက်ထန်းလျက်ကို အမြည်းအဖြစ် ကျွန်မတို့ကို တည်ခင်းဧည့်ခံခဲ့ပါတယ်။ Christmasအထိမ်းအမှတ်အနေနဲ့ ထူးထူးခြားခြား ချောကလက်ကွက်ကီးကိုလည်း ကောင်းကောင်းကြီးစားခဲ့ရပါတယ်။ (၅၀၀၀) လောက်ဘဲသုံးပြီး အမြည်းတွေအများကြီးစားခဲ့ရတာက အမြတ်ပေါ့။





ဆိုင်ရဲ့ထူးခြားတဲ့ Menu စာအုပ်လေးကတော့ ကျွန်မရဲ့ငယ်ဘဝကို သတိရစေပါတယ်။ သူငယ်တန်း ဖတ်စာအုပ်လေးကို အသုံးပြုပြီးလုပ်ထားတာပါ။






ဆိုင်ရဲ့အားသာတဲ့အချက်ကတော့
• ကော်ဖီသမားတွေအတွက် သင့်တော်တဲ့စျေးနှုန်းနဲ့ ကတွင်းတွေ့မယ်အရသာကို ခံစားရမယ်။
• ဒေသထွက် အစားအစာနဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းလေးတွေပါ ဝယ်ယူလို့ ရတာမို့ နိုင်ငံခြား ဧည့်သည်တွေကို လက်ဆောင်ပေးဖို့သင့်လျော်ပါတယ်။
• ခေတ်ဟောင်းအပြင်အဆင်ကို ရှာဖွေနေသူတွေအတွက် အံကိုက်ဖြစ်မယ့်ဆိုင်ပါ။ ကော်ဖီချစ်သူတွေဘဲ သိမယ့် ငြိမ်းအေးတဲ့ခံစားမှုကိုပေးစွမ်းနိုင်မှာပါ။
• စျေးသင့်လျော်တယ်။
ဆိုင်ရဲ့အားနည်းချက်ကတော့
• သူငယ်ချင်းတွေအုပ်စုလိုက် သွားလို့အဆင်ပြေမှာမဟုတ်ပါဘူး။ တစ်ပြိုင်နက်တည်းမှာ လူ(၈)ယောက်စာ ကိုဘဲ Serving လုပ်နိုင်မယ့်ပုံစံကြောင့် နှစ်ကိုယ်တည်း အေးဆေးသမားတွေအတွက် ပိုအဆင်ပြေပါတယ်။ ဒါကလည်းဆိုင်မှာရှိတဲ့ဝန်ထမ်းဦးရေနဲ့ကိုက်ညီအောင်လုပ်ထားတယ်လို့တော့ ကျွန်မထင်ပါတယ်။
ဒီတော့ဒီဆိုင်လေးနဲ့ပါတ်သက်ပြီးကျွန်မရေးသားထားတာဖတ်ပြီး စိတ်ဝင်စားလို့သွားချင်တယ်ဆိုရင်တော့ လိပ်စာကဦးဝိစာရလမ်း၊ အမှတ်(၅)၊ မင်းမနိုင်ရပ်ကွက်၊ ဦးဝိစာရအိမ်ရာ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ရှာဖွေရလွယ်တဲ့ လမ်းမဘေးမှာရှိပါတယ်။
Facebook page ကနေလေ့လာချင်တယ်ဆိုရင်တော့ address ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ https://m.facebook.com/OldEainCafe/?_rdr
Leave a reply to Kelvin Cancel reply